Friday, March 21, 2014

တယ်ရီဟောလ်ရဲ့ လက်တွေ့ကျတဲ့ အကြံပြုချက်

အမေရိကန်နိုင်ငံမှာ ဆေးလိပ်သောက်သူတွေ အမှန်တကယ် ခံစားရတဲ့ အဖြစ်အပျက်ကို ရိုက်ပြပြီး ပြည်သူတွေကို ပညာပေးတဲ့ အစီအစဉ် "ဆေးလိပ်သောက်သူများ၏ လက်တွေ့ကျသော အကြံပြုချက်" ဗွီဒီယိုတွေထဲက တစ်ခု ဖြစ်ပါတယ်။

စက်တင်ဘာ ၁၆၊ ၂၀၁၃က လူ့ဘ၀ထဲက ထွက်ခွာသွားခဲ့တဲ့ တယ်ရီဟောလ်ဆိုသူ အမျိုးသမီးက သတ္တိရှိစွာ လူအများကို သူမရဲ့ မလှပတဲ့ အနေအထားကို ပြသပြီး အသိတရား ၀င်အောင် ကြိုးစားပေးခဲ့တဲ့ ဗွီဒီယိုလေးမို့ သူမကို ဂုဏ်ပြုတဲ့ အနေနဲ့ ကြိုးစားပြီး ဘာသာပြန် ပေးလိုက်ပါတယ်။

"ကျွန်မက တယ်ရီပါ။ ကျွန်မက ဆေးလိပ်သောက်သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။"

စာတမ်းထိုး - "တယ်ရီက ၅၁နှစ်၊ တောင်ကယ်ရိုလိုင်းနား ပြည်နယ်ကပါ။"

"ကျွန်မ လက်တွေ့ကျ တဲ့ အကြံဥာဏ်လေး အနည်းငယ် ပေးချင်ပါတယ်။ ကျွန်မ မနက်မှာ အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်အောင် လုပ်ရတဲ့ အကြောင်း၊ လက်တွေ့ကျတဲ့ အကြံဥာဏ်လေးကို ပေးပါမယ်။ ပထမဆုံးက သင့်ရဲ့ သွားတွေပါ။" (သူမရဲ့ မရှိတော့တဲ့ သွားတွေ နေရာမှာ သွားတုကို ယူပြီး တပ်ပြပါတယ်။)

"ပြီးတော့ ဆံပင်တုပါ။" (ဆံပင်တုကို ယူပြီး တပ်ပါတယ်။)

"ပြီးတော့ သင့်ရဲ့ လက်အသုံးပြုစရာ မလိုတဲ့ ပစ္စည်း။" (အသံအိုး ကင်ဆာကြောင့် ဖောက်ထားရတဲ့ လည်ချောင်းက အပေါက်ကို အုပ်တဲ့ အရာလေးကို ယူပြီး တပ်ပြပါတယ်။ ပြီးတော့ လည်စီးကလေး တပ်လိုက်ပါတယ်။)

"ကျွန်မ ဒီနေ့ အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်ပါပြီ" တဲ့။

စာတမ်းထိုးက
"ဆေးလိပ်သောက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်ကို ချက်ခြင်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်" တဲ့။
ပညာပေး ဗွီဒီယိုကလေးက ဒီလောက်ပါပဲ။

သူမရဲ့ သတ္တိနဲ့ ကူညီမှုကြောင့် အမေရိကန်နိုင်ငံမှာ ဆေးလိပ်ပြတ်သွားခဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် ထိခိုက်ခံစားရတဲ့ အခါ ငြင်းပယ် နှုတ်ဆိတ်ပြီး လူသိမခံဘဲ နေလို့ ရသလို၊ သတ္တိရှိရှိနဲ့ ရှေ့ထွက်ပြီး လူတွေရဲ့ အသက်တွေ၊ ထိခိုက်မှုတွေကိုလဲ ကယ်တင်လို့ ရပါတယ်။

တယ်ရီကတော့ ဒုတိယအရာကို ရွေးချယ်ပြီး လူတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်သွားခဲ့ပါတယ်။

ကင်ဆာ ဆယ်မျိုးကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပေမယ့် သူမရဲ့ နှလုံးသားလေးက နောက်ဆုံး အချိန်အထိ လှပနေခဲ့တယ်လို့ မြင်မိပါတယ်။

No comments:

Post a Comment