Tuesday, December 31, 2013

လူသားတိုင်း ရသင့်တဲ့ အခြေခံ လူ့အခွင့်အရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ MPOWER လက်ကမ်းစာစောင်တစ်ခုမှာ
"သန့်စင်သည့် လေသည် အခြေခံ လူ့အခွင့်အရေး ဖြစ်ပါသည်"
လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

အဲဒီမှာ
"၁၀၀ရာခိုင်နှုန်း ဆေးလိပ်ငွေ့ ကင်းစင်သည့် ပတ်ဝန်းကျင်ကသာ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ပါသည်"
လို့လဲ ပါရှိပါတယ်။

http://www.who.int/tobacco/mpower/publications/en_tfi_mpower_brochure_p.pdf

Thursday, December 5, 2013

စတစ်ကာ ဒီဇိုင်းအသစ်

ကာတွန်းကိုပိုးဇာရဲ့ ရက်ရောစွာ ထည့်ဝင် ကူညီမှုနဲ့ ထွက်ရှိလာခဲ့တဲ့ စတစ်ကာ အသစ်ကလေး ဖြစ်ပါတယ်။


Sunday, November 10, 2013

ဆရာသိပ္ပံမှူးတင်ရဲ့ စကားလက်ဆောင်

(နိုဝင်ဘာ ၉ ရက် ၂၀၁၃က ရိုက်ယူခဲ့တဲ့ ဗွီဒီယိုပါ။
ဆရာသိပ္ပံမှူးတင်နဲ့ ဒီစာမျက်နှာနဲ့ ဘာမှ ပတ်သက်မှု မရှိပါဘူး။
ရည်ရွယ်ချက်ခြင်းတူလို့ သိကျွမ်းခွင့်ရရင်းက တွေ့ဆုံချိန်မှာ ပေးလိုက်တဲ့ စကားလက်ဆောင် ဖြစ်ပါတယ်။
 ဆေးလိပ်သောက်ရင် မိုက်တယ်၊ ဆွဲဆောင်မှု ရှိတယ်လို့ မှားယွင်းစွာ ယူဆနေဆဲ လူငယ်တွေအတွက် ဆရာသိပ္ပံမှူးတင်ရဲ့ စကားလက်ဆောင် ဖြစ်ပါတယ်။
 ဆေးလိပ်သောက်ခြင်းနဲ့ ပန်းသေပန်းညှိုး ဆက်စပ်မှုကို သုတေသန ပညာရှင်တွေ တွေ့ရှိခဲ့တာ အနှစ်နှစ်ဆယ် မကတော့ပါဘူး။ 
သြစတြေးလျ အစိုးရက ပြောထားတာကနေဒါ အစိုးရက ပြောထားတာအမေရိကန်နိုင်ငံက ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက ပြောထားတာကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောထားတာ တွေကို သက်ဆိုင်ရာ လင့်တွေမှာ တွေ့နိုင်ပါတယ်။ )

"ဘိုးဘိုးက ကျောင်းတွေမှာ လိုက်ပြီးတရားဟောတာကြာလှပြီ
ဘိုးဘိုးက ဘာဟောသလဲဆိုတော့
 ကောင်မလေးတွေ 
မိန်းကလေးတွေ ယောက်ျား ယူမယ်ဆို
ဆေးလိပ်သောက်လား မသောက်လားမေး
ဆေးလိပ်သောက်တဲ့ ကောင်ဟာ
သမီးနဲ့ ညားပြီးရင် ကလေးတစ်ယောက် ရပြီး
ဒီကောင်သေချင်းဆိုးနဲ့ သေမယ့်ကောင်
အဲဒါကြောင့် လင်မယူခင်မှာ ဆေးလိပ်သောက်လား မသောက်လားမေး
 ဆေးလိပ်သောက်တဲ့ကောင် သေချင်းဆိုး မယူနဲ့
နောက်ပြီး ယောက်ျားလေးတွေ ဆေးလိပ်သောက်လို့ရှိရင်
သွေးကြော မိုင်ပေါင်းခုနစ်သောင်းငါးထောင်ဟာ
စီးကရက် တစ်လိပ်မှာ ၁၀၅မိနစ်တိတိ ကျဉ်းသွားတယ်
ယောက်ျားလေးတွေမှာ ဆေးလိပ်သောက်ရင်
 သွေးကြောကျဉ်းသွားတာနဲ့ တစ်ပြိုင်နက်
သမီးတို့ရယ် ဗြောင်ပြောရအောင်
 ဆေးလိပ်သောက်တဲ့သူ ပန်းသေတတ်တယ်

ငါ့သမီးတို့ ဆင်ခြင်ရမှာ
ဒီယောက်ျား ညားပြီးတော့ ဆေးလိပ်သောက်တဲ့ကောင်
ခိုင်းစားလို့ မရမယ့် ယောက်ျား
ဘာကြောင့်များ ယူချင်သေးသလဲ
ဘိုးဘိုးက အဲဒါတွေ လိုက်တရားဟောနေတာကွ"

Saturday, October 12, 2013

ဆေးလိပ်နှင့် ဆေးလိပ်ငွေ့ အန္တရာယ် လက်ကမ်းစာစောင်

Cartoon Salai Suanpi https://www.facebook.com/CartoonSalaiSuanpi?fref=ts ရဲ့ လက်ရာ ဖြစ်ပါတယ်။

ဒီစာမျက်နှာ အတွက် ဆွဲပေးတာမို့ အားလုံး လွတ်လပ်စွာ ပြန်လည်မျှဝေလို့ ရပါတယ်။

ကာတွန်းဆရာကိုယ်တိုင်က ဆေးလိပ်ငွေ့တွေကို မခံနိုင်တဲ့ ရင်ကြပ်ရှိသူ တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ အရေးပေါ်အခြေအနေအတွက် inhaler ဆောင်ထားရသူ တစ်ဦးဖြစ်ပါတယ်။

Friday, October 4, 2013

ဆေးလိပ်ကြော်ငြာနှင့် အရောင်းမြှင့်တင်မှု အန္တရာယ် လက်ကမ်းစာစောင်

 ဆေးလိပ်ကြော်ငြာနဲ့ ပတ်သက်လို့ အခြားသူတွေကို သဘောပေါက် နားလည်အောင် အသိပေးပြောပြတဲ့ နေရာမှာ အထောက်အကူ ဖြစ်မယ်လို့ ယူဆရတဲ့ လက်ကမ်းစာစောင်လေးကို ဒီမှာ တင်ပေးလိုက်ပါတယ်။

အေဖိုး စာရွက်နဲ့ လန်းစကိတ်ကို သုံးပြီး ကျောကပ် ထုတ်ရင် တစ်ရွက်မှာ ၂ စောင်ထွက်နိုင်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ လက်ကမ်းစာစောင်တွေကို လုပ်နိုင်သူတွေ ရှိရင်လဲ လုပ်ပြီး ပြန်မျှပေးကြစေလိုပါတယ်။


Tuesday, October 1, 2013

ဆေးလိပ်နဲ့ အသံအိုးကင်ဆာ

ဆေးလိပ်သောက်ရင် အဆုတ်ကို ထိတယ်လို့ပဲ လူအများက သိထားကြပါတယ်။ 

တကယ်က ခန္ဓာကိုယ်က အစိတ်အပိုင်း အားလုံးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

အဲဒီအထဲက တစ်ခုက သီချင်း ဆိုချင်သူတွေ မြတ်နိုး တန်ဖိုးထားတဲ့ "အသံအိုး" ဖြစ်ပါတယ်။

ဒီမှာ တစ်ခါ တင်ခဲ့ဖူးတဲ့ ပို့စ်ထဲမှာ သေဆုံးသွားပြီး ဖြစ်သူ အမေရိကန်နိုင်ငံက ဆေးလိပ်သောက်ခဲ့သူ တယ်ရီဟောလ်က အသံအိုးကင်ဆာကြောင့် လည်ချောင်းမှာ အပေါက် ဖောက်ထားခဲ့ရတာကို မှတ်မိကောင်းမှတ်မိကြပါလိမ့်မယ်။

မမှတ်မိရင် http://www.tobaccoinfomyanmar.blogspot.com/2013/09/blog-post_18.html မှာ ပြန်ဖတ်၊ ပြန်ကြည့်လို့ ရပါတယ်။

သူမက စကားပြောနိုင်ဖို့ အဲဒီအပေါက်ကို လက်နဲ့ ပတ်ရင်ပိတ် ဒါမှမဟုတ် ကိရိယာလေးတစ်ခုနဲ့ ပိတ်ထားရပါတယ်။

အသံအိုးကင်ဆာ အကြောင်းကို အမေရိကန်နိုင်ငံ၊ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် အင်တာနက် စာမျက်နှာနဲ့ ယုံကြည်စိတ်ချရတဲ့ မက်ဒ်လိုင်းပလပ်စ် အင်တာနက် စာမျက်နှာ နှစ်ခုက ရယူပြီး အတိုချုံး ဘာသာပြန် ပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို အသံအိုးကင်ဆာဖြစ်သူ တစ်သောင်း ပတ်ဝန်းကျင် ရှိပါတယ်။
လူ၃၈၀၀ က အဲဒီရောဂါကြောင့် နှစ်စဉ် သေဆုံးလျက်ရှိပါတယ်။

ဒါပေမယ့် အသံအိုးကင်ဆာက စောစောသိခဲ့ရင်တော့ စောစော ကုသပျောက်ကင်းနိုင်တဲ့ ရောဂါထဲမှာ ပါပါတယ်။

အသံအိုးကင်ဆာ ဖြစ်သူ အများစုက ဆေးလိပ်သောက်တယ်ဆိုတဲ့ သမိုင်းကြောင်း ရှိကြသူတွေ ဖြစ်ကြတာ များပါတယ်။ 

ဒါပေမယ့် ဆေးလိပ်မသောက်သူတွေမှာလဲ အသံအိုးကင်ဆာ ဖြစ်နိုင်ပါတယ်။

အခြားဆေးရွက်ကြီးထွက်ပစ္စည်းတွေကို သုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းကလဲ အသံအိုးကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

အသံအိုးကင်ဆာရဲ့ လက္ခဏာတွေထဲက အစိတ်အပိုင်းအချို့က
- အသံဝင်နေမှုက ပျောက်သင့်တဲ့ အချိန် အထိ မပျောက်ဘဲ ဆက်ကျန်နေတာ
- မျိုရခက်တာ
- ချောင်းဆိုး (တစ်ခါတစ်ရံသွေးပါတတ်)တာ
- လည်ပင်းမှာ အကြိတ်ထွက်တာ
စတာတွေ ဖြစ်ပါတယ်။ 

အသံအိုးကင်ဆာ ဟုတ်မဟုတ်ဆိုတာကို အသံအိုးက အသားစကို ထုတ်ပြီး စစ်ဆေးခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
ကုသနည်းတွေကတော့ ပုံမှန် ခွဲစိတ်တာ၊ ဓာတ်ကင်တာနဲ့ အသံအိုးကို အတတ်နိုင်ဆုံး မထိခိုက်အောင် ခွဲစိတ်တဲ့ photoangiolytic အဆင့်မြင့် နည်းပညာတွေ ဖြစ်ပါတယ်။ 
အမေရိကန်နိုင်ငံမှာတောင် အဲဒီအဆင့်မြင့် ခွဲစိတ်မှုကို ပြုနိုင်သူ အနည်းငယ်ပဲ ရှိသေးတယ်လို့ သိရှိရပါတယ်။ 

ဆေးလိပ်သောက်ခြင်းနဲ့ အသံအိုး ထိခိုက်မှု အကြောင်း ပြောထားတဲ့ ဗီဒီယိုတစ်ခုကို အောက်က လင့်က တဆင့် ကြည့်ရှုနိုင်ပါတယ်။ 

http://www.youtube.com/watch?v=AtTId0CCJt8


Monday, September 30, 2013

ရုပ်ပုံပါတဲ့ သတိပေးစာတန်း

တစ်နိုင်ငံလုံးဆိုင်ရာ ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲမှု အရေအတွက်က လျှော့ချလို့ မရနိုင်တဲ့ ပြဿနာ ကိစ္စရပ်တစ်ခု မဟုတ်ပါဘူး။
လွယ်လွယ်ကူကူနဲ့ မြင်သာအောင် ပြောရရင် ဆေးလိပ် ဆေးရွက်ကြီး မသုံးစွဲရလို့ သေဆုံးသူ ကျန်းမာရေး ချို့တဲ့ ထိခိုက်သွားသူတွေ မရှိပါဘူး။
သုံးစွဲလို့သာ ထိခိုက် သေဆုံးကြတာပါ။

ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲမှုတွေကို လျော့ကျစေနိုင်မယ့် နည်းလမ်းတွေထဲက ထိရောက်တဲ့ နည်းလမ်းတစ်ခုက ဆေးလိပ်ဗူးခွံတွေမှာ မြင်သာထင်ရှားတဲ့ ရုပ်ပုံနဲ့ သတိပေးချက်တွေ ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ခံ ပြောဆိုထားပါတယ်။

ဒါက ဆေးလိပ် ဆေးရွက်ကြီး ထိန်းချုပ်မှု အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (the WHO Framework on Convention Control) ရဲ့ အပိုဒ် ၁၁နဲ့ အကျုံးဝင်ပါတယ်။

အဲဒီမှာ ပြောထားတာက ဆေးလိပ်ဗူးခွံ/ ဆေးလိပ်ထုပ်ရဲ့ အဓိက မြင်သာတဲ့နေရာမှာ ဆေးလိပ်ဗူးခွံ/ ဆေးလိပ်ထုပ်ရဲ့ ပမာဏ ၃၀% ထက် မလျော့နည်းဘဲ ရုပ်ပုံနဲ့ သတိပေးချက် ဖော်ပြပေးထားရမယ်လို့ ဆိုပါတယ်။

အပိုဒ်(၁၁) က အပိုဒ် (၄.၁)မှာ ပါဝင်တဲ့ "လူတိုင်း လူတိုင်းကို ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ရရှိလာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ၊ စွဲလမ်းစေတတ်တဲ့ အကြောင်းတွေ၊ သေစေနိုင်တဲ့ ဖြစ်ရပ်တွေကို အသိပေးသင့်တယ်" ဆိုတဲ့ အချက်ကိုလဲ ပံ့ပိုးကူညီပေးခြင်း ဖြစ်ပါတယ်။ 

ဂျမေကာနိုင်ငံမှာ ရုပ်ပုံနဲ့ သတိပေးချက်တွေကို ဆေးလိပ်ဗူးခွံရဲ့ ပမာဏ ၇၅%အထိ ဖော်ပြဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ 

အဲဒီထဲက စာသားတစ်ခုက "သင့်ဆေးလိပ်ငွေ့တွေက သင့်ကလေးကို သေစေနိုင်ပါတယ်"တဲ့။

မြန်မာနိုင်ငံက ဆေးလိပ်စွဲနေတဲ့ မိခင် ဖခင်တွေ၊ ဆေးလိပ်သောက်မယ့် မိခင် ဖခင်တွေရော ဒါတွေကို သိကြရဲ့လား မသိပါဘူး။

သိကြရင်တောင် မသောက်ရ မနေနိုင်အောင် စွဲတဲ့ အဆင့်ကို ရောက်နေသူတွေက ဆေးလိပ်ကို မြင်စဉ်မှာ မေ့သွားနိုင်ပါတယ်။ 

ဒါကို ရုပ်ပုံပါတဲ့ သတိပေးချက်တွေက အများကြီး ကူညီနိုင်စွမ်း ရှိပါတယ်။ 

ရုပ်ပုံပါတဲ့ သတိပေးချက်တွေအကြောင်း ပိုမို သိရှိချင်ရင် http://www.smoke-free.ca/warnings/ မှာ ဖတ်ကြည့်လို့ ရပါတယ်။

Sunday, September 29, 2013

"ကမ္ဘာ့နှလုံးသားနေ့" အမှတ်တရ ...

 ဒီနေ့ (၂၉ စက်တင်ဘာ ၂၀၁၃) က "ကမ္ဘာ့နှလုံးသားနေ့" ဖြစ်ပါတယ်။

 တဆင့်ခံ ဆေးလိပ်ငွေ့ရှူရမှုကြောင့် သေဆုံးခြင်းတွေရဲ့ ၈၇%က
 နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် ဖြစ်ပါတယ်။

 တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်နေရသူတွေထဲမှာ မိဘကို လုပ်ကျွေးနေတဲ့ အမျိုးသမီးလေးတွေလဲ ပါပါတယ်။

 ဆေးလိပ်ငွေ့ မကင်းစင်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေထဲမှာ အလွှာစုံက  အသက်အရွယ်စုံ အမျိုးသမီးတွေ ပါပါတယ်။

 အရွယ်မရောက်သေးသူ မိန်းကလေးငယ်လေးတွေလဲ ပါပါတယ်။

သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်ပျက်စီးပြီး၊ သူတို့ကို မသန်မစွမ်း ဖြစ်စေနိုင်တဲ့၊ အချိန်မတိုင်မီ သေဆုံးစေနိုင်တဲ့ ဆေးလိပ်ငွေ့တွေကို အလိုမတူဘဲ ရှူရှိုက်ရခြင်းက ကင်းဝေးစေဖို့ "ကမ္ဘာ့နှလုံးသားနေ့"မှာ သင်ဘာတွေ ဆောင်ရွက်ပေးမလဲ?



ကမ္ဘာ့နှလုံးသားနေ့ကို ၂၀၀၀ခုနှစ်က စတင်ခဲ့ပါတယ်။
 နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဟာ လူတွေကို သေဆုံးစေတဲ့ အဓိက အကြောင်းအရင်း ဖြစ်နေတယ် ဆိုတာကို ကမ္ဘာတစ်ဝှမ်းမှာ သိရှိ သတိပြုမိကြဖို့ အတွက် အဲဒီအထိမ်းအမှတ်နေ့ကို စတင် ထားရှိခဲ့ခြင်း ဖြစ်ပါတယ်။
 နှစ်စဉ် လူ ၁၇.၃သန်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကြောင့် သေဆုံးနေရပြီး သေဆုံးသူ အရေအတွက်ကလဲ တစ်နှစ်ထက် တစ်နှစ် ပိုမို မြင့်မားလျက်ရှိပါတယ်။
 ဒီနှုန်းထားအတိုင်း ဆက်သွားနေရင် ၂၀၃၀ခုနှစ်မှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးသူ တစ်နှစ်ကို ၂၃သန်း ရှိလာမှာဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ရှိတဲ့ လူဦးရေထက်တောင် များပြားသွားဖွယ် ရှိပါတယ်။
 နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးသူတွေရဲ့ ၈၀ရာခိုင်နှုန်းနီးပါးက ၀င်ငွေအလယ်အလတ်နိုင်ငံနဲ့ ၀င်ငွေနည်း နိုင်ငံတွေက ဖြစ်ကြပါတယ်။
 နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် အချိန်မတိုင်မီ သေဆုံးရခြင်းတွေရဲ့ ၈၀ရာခိုင်နှုန်းကို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်စေတဲ့ အဓိက အချက်တွေ ဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ အခြားဆေးရွက်ကြီးထွက်ပစ္စည်းတွေကို သုံးစွဲခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း စတာတွေကို ထိန်းချုပ် ရှောင်ရှားခြင်းအားဖြင့် လျော့ကျစေနိုင်ပါတယ်။
 ဆေးလိပ်သောက်ခြင်းနဲ့ တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရခြင်းတွေက
 နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်စေတဲ့ အဓိကအချက်တွေထဲက တစ်ချက်ဖြစ်ပြီး နှလုံးသွေးကြောရောဂါတွေကြောင့် သေဆုံးရခြင်း ၁၀ရာခိုင်နှုန်းကို ဖြစ်စေတဲ့ အရာတွေ ဖြစ်ပါတယ်။
 တဆင့်ခံ ဆေးလိပ်ငွေ့ရှူရမှုကြောင့် သေဆုံးခြင်းတွေရဲ့ ၈၇%က
 နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးရတာမို့  တဆင့်ခံ ဆေးလိပ်ငွေ့ရှူရသူအားလုံးနီးပါးက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးရခြင်းဖြစ်တယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။
 "ကမ္ဘာ့နှလုံးသားနေ့" အကြောင်း ပိုမို သိရှိချင်ရင်တော့ အောက်က လင့်တွေထဲမှာ ဖတ်ကြည့်လို့  ရပါတယ်။
http://www.world-heart-federation.org/what-we-do/awareness/world-heart-day/
https://www.facebook.com/worldheartday 

Sunday, September 15, 2013

တဆင့်ခံဆေးလိပ်ငွေ့ ပညာပေး လက်ကမ်းစာစောင်

လတ်တလော လက်ကမ်းစာစောင် ဝေစရာ ပေးစရာ မရှိတာကြောင့် သုံးချင်တဲ့သူတွေ သုံးလို့ ရအောင် အမြန် လုပ်လိုက်ရတဲ့ လက်ကမ်းစာစောင်ကလေးပါ။
 စင်းလုံးချောတော့ ဖြစ်မှာ မဟုတ်ပါဘူး။
 နောက်ပိုင်း ပြန်ပြင်ဖို့ ရှိနိုင်ပါတယ်။
သုံးခေါက်ချိုးရမှာ ဖြစ်ပြီး အတွင်း အပြင် နှစ်ဘက်ကို အေဖိုး စာရွက်အရွယ်နဲ့ ထုတ်ရပါမယ်။
အရောင်နဲ့ တတ်နိုင်တဲ့ သူတွေက အရောင်နဲ့ ထုတ်ပြီး မတတ်နိုင်သူတွေ အဖြူအမဲ ထုတ်လို့ ရပါတယ်။
ဘယ်သူ မဆို ပရင့်ထုတ်၊ ဖိုတို ဆွဲပြီး လိုအပ်တဲ့ နေရာတွေမှာ ကိုယ်နိုင်သလောက် ဖြန့်ဝေပေးလို့ ရနိုင်အောင်လို့ ဒီမှာ တင်ပေးလိုက်ပါတယ်။


အဖုံးဘက်ခြမ်းဖြစ်ပါတယ်။ 
သုံးချိုးခေါက်လိုက်ရင် "အခြားသူများထံမှ ဆေးလိပ်ငွေ့က သင့်ကို အန္တရာယ်ပြုနိုင်ပါသလား?" 
ဆိုတဲ့ စာသားက အပြင်ဆုံးမှာ ရှိနေရပါမယ်။


အတွင်းဘက်ခြမ်း ဖြစ်ပါတယ်။

Friday, September 13, 2013

ဆေးလိပ်အကြောင်း ဖြစ်ကြောင်းကုန်စင်

ဒေါက်တာမြင့်မြင့်ခင်ရဲ့ ဆေးလိပ်အကြောင်းဖြစ်ကြောင်း ကုန်စင် စာအုပ်ကို အပိုင်းလိုက် ခွဲပြီး တင်ထားတာကိုအောက်ပါ လင့်တွေကနေ ရယူ ဖတ်ရှုနိုင်ပါတယ်။
၂၀၀၃ခုနှစ် သြဂုတ်လက ထုတ်ဝေခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။
(၁) အဖုံးနှင့် အမှာ
(၂) ကူးစက်မြန်ရောဂါလို့ သတ်မှတ်ရမယ့် ကင်ဆာတမျိုး
(၃) ဆေးလိပ်သောက်တာဟာ ဆေးစွဲရောဂါတမျိုး
(၄) ဆေးလိပ်သောက်တာ ဆေးစွဲရောဂါတမျိုး
(၅) ဆေးလိပ်ဖြတ်ခြင်းအကြောင်း
(၆) ဘေးကလူအသက်ရှူကျပ်ပါဘိ၊ အဖြည့်ခံဆေးလိပ်သောက်ခြင်းရဲ့ အန္တရာယ်
(၇) လူငယ်နဲ့ စီးကရက်ပြဿနာ
(၈) စီးကရက်ရဲ့ အထူးအနစ်နာခံ အုပ်စု
(၉) ခွဲမရတဲ့ ဆေးရွက်ကြီးဆေးနဲ့ စီးပွားရေး
(၁၀) ဆေးလိပ်ငွေ့ ကန့်လန့်ကာနောက်မှ
(၁၁) မီးခိုးငွေ့များကြားမှ မိမိကိုယ်ကို ရွေးယူခြင်း

Saturday, September 7, 2013

ဆေးလိပ် ဆေးရွက်ကြီးနှင့် လူ့အခွင့်အရေး


လူသားတွေမှာ ဆေးလိပ်ငွေ့တွေကို အလိုမတူဘဲ ရှူရှိုက်နေရမှုတွေက ကင်းဝေးဖို့ အခွင့်အရေး ရှိပါတယ်။ 


လူသားတွေမှာ ဆေးလိပ်၊ ဆေးရွက်ကြီးကို စွဲလမ်းမှုတွေကနေ ကင်းဝေးဖို့ အခွင့်အရေး ရှိပါတယ်။


ကလေးတွေမှာ သူတို့ကို စောစီးစွာ သေဆုံးစေမယ့် ဆေးလိပ်၊ ဆေးရွက်ကြီးတွေကို စွဲလမ်းစေဖို့ အတွက် 
သူတို့ကို ဦးတည် ကြော်ငြာနေမှုတွေကနေ 
ကင်းဝေးဖို့ အခွင့်အရေး ရှိပါတယ်။




Thursday, August 29, 2013

အမေရိကန်နိုင်ငံ၏ လေထုသန့်စင်ရေး ဥပဒေအကြောင်း (အင်္ဂလိပ်ဘာသာဖြင့်)

အမေရိကန်နိုင်ငံရဲ့ လေထုသန့်စင်ရေး ဥပဒေ (Clean Air Act) အကြောင်း လူပြိန်းနားလည်အောင် ရိုးရှင်းတဲ့ အင်္ဂလိပ်စာနဲ့ ရေးပေးထားတာကို တိုက်ရိုက် ဖတ်နိုင်သူတွေ ဖတ်လို့ရအောင် ဒီမှာ တင်ပေးထားပါတယ်။

Monday, August 26, 2013

အဓိက သတင်းအချက်အလက်

  မြန်မာနိုင်ငံမှာ ဆေးလိပ် ဆေးရွက်ကြီးနဲ့ ပတ်သက်တဲ့ အန္တရာယ် အတိမ်အနက်ကို အမှန်အတိုင်း သိမြင်မှု အလွန်ကို နည်းပါးနေပါသေးတယ်။ အခြေခံသတင်းအလက် အစစ်အမှန်အားလုံးကို ပြောပြဖို့ အချိန် မရှိဘူးဆိုရင် အောက်ပါ အချက်အလက်ကို ဦးစားပေးပြီး အဓိက မျှဝေပေးကြစေလိုပါတယ်။