Tuesday, October 1, 2013

ဆေးလိပ်နဲ့ အသံအိုးကင်ဆာ

ဆေးလိပ်သောက်ရင် အဆုတ်ကို ထိတယ်လို့ပဲ လူအများက သိထားကြပါတယ်။ 

တကယ်က ခန္ဓာကိုယ်က အစိတ်အပိုင်း အားလုံးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

အဲဒီအထဲက တစ်ခုက သီချင်း ဆိုချင်သူတွေ မြတ်နိုး တန်ဖိုးထားတဲ့ "အသံအိုး" ဖြစ်ပါတယ်။

ဒီမှာ တစ်ခါ တင်ခဲ့ဖူးတဲ့ ပို့စ်ထဲမှာ သေဆုံးသွားပြီး ဖြစ်သူ အမေရိကန်နိုင်ငံက ဆေးလိပ်သောက်ခဲ့သူ တယ်ရီဟောလ်က အသံအိုးကင်ဆာကြောင့် လည်ချောင်းမှာ အပေါက် ဖောက်ထားခဲ့ရတာကို မှတ်မိကောင်းမှတ်မိကြပါလိမ့်မယ်။

မမှတ်မိရင် http://www.tobaccoinfomyanmar.blogspot.com/2013/09/blog-post_18.html မှာ ပြန်ဖတ်၊ ပြန်ကြည့်လို့ ရပါတယ်။

သူမက စကားပြောနိုင်ဖို့ အဲဒီအပေါက်ကို လက်နဲ့ ပတ်ရင်ပိတ် ဒါမှမဟုတ် ကိရိယာလေးတစ်ခုနဲ့ ပိတ်ထားရပါတယ်။

အသံအိုးကင်ဆာ အကြောင်းကို အမေရိကန်နိုင်ငံ၊ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် အင်တာနက် စာမျက်နှာနဲ့ ယုံကြည်စိတ်ချရတဲ့ မက်ဒ်လိုင်းပလပ်စ် အင်တာနက် စာမျက်နှာ နှစ်ခုက ရယူပြီး အတိုချုံး ဘာသာပြန် ပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို အသံအိုးကင်ဆာဖြစ်သူ တစ်သောင်း ပတ်ဝန်းကျင် ရှိပါတယ်။
လူ၃၈၀၀ က အဲဒီရောဂါကြောင့် နှစ်စဉ် သေဆုံးလျက်ရှိပါတယ်။

ဒါပေမယ့် အသံအိုးကင်ဆာက စောစောသိခဲ့ရင်တော့ စောစော ကုသပျောက်ကင်းနိုင်တဲ့ ရောဂါထဲမှာ ပါပါတယ်။

အသံအိုးကင်ဆာ ဖြစ်သူ အများစုက ဆေးလိပ်သောက်တယ်ဆိုတဲ့ သမိုင်းကြောင်း ရှိကြသူတွေ ဖြစ်ကြတာ များပါတယ်။ 

ဒါပေမယ့် ဆေးလိပ်မသောက်သူတွေမှာလဲ အသံအိုးကင်ဆာ ဖြစ်နိုင်ပါတယ်။

အခြားဆေးရွက်ကြီးထွက်ပစ္စည်းတွေကို သုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းကလဲ အသံအိုးကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

အသံအိုးကင်ဆာရဲ့ လက္ခဏာတွေထဲက အစိတ်အပိုင်းအချို့က
- အသံဝင်နေမှုက ပျောက်သင့်တဲ့ အချိန် အထိ မပျောက်ဘဲ ဆက်ကျန်နေတာ
- မျိုရခက်တာ
- ချောင်းဆိုး (တစ်ခါတစ်ရံသွေးပါတတ်)တာ
- လည်ပင်းမှာ အကြိတ်ထွက်တာ
စတာတွေ ဖြစ်ပါတယ်။ 

အသံအိုးကင်ဆာ ဟုတ်မဟုတ်ဆိုတာကို အသံအိုးက အသားစကို ထုတ်ပြီး စစ်ဆေးခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
ကုသနည်းတွေကတော့ ပုံမှန် ခွဲစိတ်တာ၊ ဓာတ်ကင်တာနဲ့ အသံအိုးကို အတတ်နိုင်ဆုံး မထိခိုက်အောင် ခွဲစိတ်တဲ့ photoangiolytic အဆင့်မြင့် နည်းပညာတွေ ဖြစ်ပါတယ်။ 
အမေရိကန်နိုင်ငံမှာတောင် အဲဒီအဆင့်မြင့် ခွဲစိတ်မှုကို ပြုနိုင်သူ အနည်းငယ်ပဲ ရှိသေးတယ်လို့ သိရှိရပါတယ်။ 

ဆေးလိပ်သောက်ခြင်းနဲ့ အသံအိုး ထိခိုက်မှု အကြောင်း ပြောထားတဲ့ ဗီဒီယိုတစ်ခုကို အောက်က လင့်က တဆင့် ကြည့်ရှုနိုင်ပါတယ်။ 

http://www.youtube.com/watch?v=AtTId0CCJt8


No comments:

Post a Comment