Sunday, September 29, 2013

"ကမ္ဘာ့နှလုံးသားနေ့" အမှတ်တရ ...

 ဒီနေ့ (၂၉ စက်တင်ဘာ ၂၀၁၃) က "ကမ္ဘာ့နှလုံးသားနေ့" ဖြစ်ပါတယ်။

 တဆင့်ခံ ဆေးလိပ်ငွေ့ရှူရမှုကြောင့် သေဆုံးခြင်းတွေရဲ့ ၈၇%က
 နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် ဖြစ်ပါတယ်။

 တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်နေရသူတွေထဲမှာ မိဘကို လုပ်ကျွေးနေတဲ့ အမျိုးသမီးလေးတွေလဲ ပါပါတယ်။

 ဆေးလိပ်ငွေ့ မကင်းစင်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေထဲမှာ အလွှာစုံက  အသက်အရွယ်စုံ အမျိုးသမီးတွေ ပါပါတယ်။

 အရွယ်မရောက်သေးသူ မိန်းကလေးငယ်လေးတွေလဲ ပါပါတယ်။

သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်ပျက်စီးပြီး၊ သူတို့ကို မသန်မစွမ်း ဖြစ်စေနိုင်တဲ့၊ အချိန်မတိုင်မီ သေဆုံးစေနိုင်တဲ့ ဆေးလိပ်ငွေ့တွေကို အလိုမတူဘဲ ရှူရှိုက်ရခြင်းက ကင်းဝေးစေဖို့ "ကမ္ဘာ့နှလုံးသားနေ့"မှာ သင်ဘာတွေ ဆောင်ရွက်ပေးမလဲ?



ကမ္ဘာ့နှလုံးသားနေ့ကို ၂၀၀၀ခုနှစ်က စတင်ခဲ့ပါတယ်။
 နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဟာ လူတွေကို သေဆုံးစေတဲ့ အဓိက အကြောင်းအရင်း ဖြစ်နေတယ် ဆိုတာကို ကမ္ဘာတစ်ဝှမ်းမှာ သိရှိ သတိပြုမိကြဖို့ အတွက် အဲဒီအထိမ်းအမှတ်နေ့ကို စတင် ထားရှိခဲ့ခြင်း ဖြစ်ပါတယ်။
 နှစ်စဉ် လူ ၁၇.၃သန်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကြောင့် သေဆုံးနေရပြီး သေဆုံးသူ အရေအတွက်ကလဲ တစ်နှစ်ထက် တစ်နှစ် ပိုမို မြင့်မားလျက်ရှိပါတယ်။
 ဒီနှုန်းထားအတိုင်း ဆက်သွားနေရင် ၂၀၃၀ခုနှစ်မှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးသူ တစ်နှစ်ကို ၂၃သန်း ရှိလာမှာဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ရှိတဲ့ လူဦးရေထက်တောင် များပြားသွားဖွယ် ရှိပါတယ်။
 နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးသူတွေရဲ့ ၈၀ရာခိုင်နှုန်းနီးပါးက ၀င်ငွေအလယ်အလတ်နိုင်ငံနဲ့ ၀င်ငွေနည်း နိုင်ငံတွေက ဖြစ်ကြပါတယ်။
 နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် အချိန်မတိုင်မီ သေဆုံးရခြင်းတွေရဲ့ ၈၀ရာခိုင်နှုန်းကို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်စေတဲ့ အဓိက အချက်တွေ ဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ အခြားဆေးရွက်ကြီးထွက်ပစ္စည်းတွေကို သုံးစွဲခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း စတာတွေကို ထိန်းချုပ် ရှောင်ရှားခြင်းအားဖြင့် လျော့ကျစေနိုင်ပါတယ်။
 ဆေးလိပ်သောက်ခြင်းနဲ့ တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရခြင်းတွေက
 နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်စေတဲ့ အဓိကအချက်တွေထဲက တစ်ချက်ဖြစ်ပြီး နှလုံးသွေးကြောရောဂါတွေကြောင့် သေဆုံးရခြင်း ၁၀ရာခိုင်နှုန်းကို ဖြစ်စေတဲ့ အရာတွေ ဖြစ်ပါတယ်။
 တဆင့်ခံ ဆေးလိပ်ငွေ့ရှူရမှုကြောင့် သေဆုံးခြင်းတွေရဲ့ ၈၇%က
 နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးရတာမို့  တဆင့်ခံ ဆေးလိပ်ငွေ့ရှူရသူအားလုံးနီးပါးက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးရခြင်းဖြစ်တယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။
 "ကမ္ဘာ့နှလုံးသားနေ့" အကြောင်း ပိုမို သိရှိချင်ရင်တော့ အောက်က လင့်တွေထဲမှာ ဖတ်ကြည့်လို့  ရပါတယ်။
http://www.world-heart-federation.org/what-we-do/awareness/world-heart-day/
https://www.facebook.com/worldheartday 

No comments:

Post a Comment